ရှမ်းရွာသစ် ဇွန် ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနေအိမ်ခြံဝင်းအတွင်း၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားပြီး မိုးဦးကျကာလ၌ လှိုင်လှိုင်ထွက်ရှိသော သံပုရာသီးများရောင်းချ၍ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
သံပုရာပင်စတင်စိုက်ပျိုးချိန်တွင် စိုက်ပျိုးသည့်မြေသည် ရေစီးရေလာကောင်းမွန်သည့် မြေဖြစ်သင့်ပြီး နေရောင်ခြည်ကောင်းမွန်သည့် နေရာတွင်စိုက်ပျိုးလျှင် ပန်းများများပွင့်၍ အသီးများစွာသီးမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် မိုးရာသီသီနှင့်နွေဦးပိုင်းတွင် အသီးများများသီးကြောင်း၊ ပြုံပြွတ်ပြီးသီးနေသည့် အသီးများထဲမှတစ်ချို့အသီးများကို ခြွေပေးခြင်းမှ အရွယ်အစားကြီးမားသည့် အသီးများရရှိမည်ဖြစ်ကြောင်း၊ သံပုရာပင်စိုက်ပျိုးပြီးချိန်တွင် ရေများကိုလည်း လုံလုံလောက်လောက်ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိုးဦးကာလသံပုရာသီးပေါ်ချိန်တွင် သံပုရာသီးစိုက်ပျိုးသည့် ဒေသနေပြည်သူများဝင်ငွေများစွာရရှိလျက်ရှိရာ အသီးအရွယ်အစား ပေါ်မူတည်၍ တစ်လုံးလျှင် ငွေကျပ်(၅၀)မှ (၁၀၀)နှုန်းဖြင့် ရောင်းဝယ်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေကြောင်း၊ သံပုရာပင်စိုက်ပျိုးထားသည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး ဒေသနေပြည်သူအများစုသည့် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့်တွဲဖက်ကာ တစ်ပိုင်တစ်နိုင် ဝဥစိုက်ပျိုးတူးဖော်ရောင်းချသည့်လုပ်ငန်း၊ ဥယျာဉ်ခြံမြေထဲတွင် ရာသီပေါ်သီးနှံစိုက်ပျိုးရောင်းချသည့် လုပ်ငန်းများကို အဓိကထားလုပ်ကိုင်ဆောင်ရွက်ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)