ကြံခင်းမြို့တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီနေကြာမျိုးစေ့ထုတ် ထွန်တုံးပိတ် စိုက်ပျိုးပွဲကျင်းပ

ကြံခင်း ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ နေကြာမျိုးစေ့ထုတ် ထွန်တုံးပိတ်စိုက်ပျိုးပွဲ အခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ကြံခင်းမြို့နယ် ဆုံလဲကျေးရွာအုပ်စု ဆိပ်သာကျေးရွာ သပြေလှကွင်း၊ ကွင်းအမှတ်(၂၃) ၊ တောင်သူ ဦးစောမင်းထူး၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးဇော်က ၂၀၂၂-၂၀၂၃ ခုနှစ် ကြံခင်းမြို့နယ်အတွင်း ဆီထွက်သီးနှံ မိုးနေကြာ စိုက်ပျိုးဧက (၁၀၀၀)စိုက်ပျိုးမှု လျာထားချက်နှင့် စိုက်ပျိုးပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က “နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များအား လည်းကောင်း၊ စိုက်ပျိုးနည်းစနစ် မှန်ကန်မှုရှိရေး စနစ်တကျ စိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်းလျှင် တောင်သူများ ဝင်ငွေတိုးတက်မှာဖြစ်သလို ဒေသတွင်း စားသုံးဆီဖူလုံ မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် တန်းကြား (၂)ပေ၊ ပင်ကြား (၉)လက်မ စိုက်ပျိုးပုံနည်းစနစ်နှင့် ဓာတ်မြေဩဇာ မြေခံကွန်ပေါင်းထည့်သွင်းခြင်းနှင့် မှိုသတ်ဆေးဖြင့် မျိုးစေ့လူးနယ်စိုက်ပျိုးခြင်းကို မြို့နယ်စိုက်ပျိုးရေး ဝန်ထမ်းများနှင့် မိုးနေကြာစိုက်ပျိုးမည့် တောင်သူများက စုပေါင်းကွင်းသရုပ်ပြခဲ့ကြသည်။

အဆိုပါ ထွန်တုံးပိတ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား ရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက် ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)