စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ညောင်တုန်းမြို့နယ်အတွင်းရှိ ရေထိန်းတံခါးများအား ကြည့်ရှုစစ်ဆေး

ညောင်တုန်း ဇွန် ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဇွန်လ ၂၅ ရက် နံနက် ၈ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ရေထိန်းတံခါးများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ မဲဇလီဒလကျေးရွာအုပ်စုရှိ မဲဇလီရေထိန်းတံခါး အမှတ်(၂)သို့ရောက်ရှိ၍ ရေထိန်းတံခါး ရှင်းလင်းဆောင်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကောင်းမြတ်ဟိန်းက ရေတံခါးတည်ဆောက်မှု အခြေအနေများအား မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဆားမလောက်ကျေးရွာအုပ်စုရှိ ပန်းလှိုင်ရေထိန်းတံခါးသို့ရောက်ရှိ၍ ရေထိန်းတံခါး ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်ဆွေမှ ရေခွဲဝေသုံးစွဲမှုနှင့် ရေတံခါးတည်ဆောက်မှု အခြေအနေများအား မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က ပန်းလှိုင်ရေထိန်းတံခါးအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ သဇင်ရေကျော်ကျေးရွာအုပ်စုရှိ GRAND WYNN စိုက်ပျိုးရေးနှင့် မွေးမြူရေးကုမ္ပဏီသို့ ရောက်ရှိခဲ့ပြီး ပိုင်ရှင်ဦးလှဝင်းက ကုမ္ပဏီအတွင်း ငါးသား‌ပေါက်လုပ်ငန်းနှင့် ဥယျာဉ်ခြံအတွင်း သီးနှံပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)