အိမ်မဲ ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဆိတ်ချေးကုန်းကျေးရွာ တောင်သူ ဦးထွေးပု၏ လယ်မြေကွင်းအမှတ်-၃၆ ခ၊ ဦးပိုင် - ၃၃/၁၅ တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ၂၀၂၂ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးပွဲသို့ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့မှ တာဝန်ရှိများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဦးနှင့် ဝန်ထမ်းများနှင့် စိတ်ပါဝင်စားသည့် တောင်သူများ စုစုပေါင်းအင်အား (၅၀)ဦးကျော် တက်ရောက်ခဲ့ပြီး လယ်မြေအတွင်း သစ်စိမ်းမြေသြဇာ ထယ်ထိုးမြေမြုပ်ခြင်းကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
“သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကို လယ်မြေအတွင်း ထည့်သွင်းစိုက်ပျိုးပါက တစ်ဧကကို သစ်စိမ်းမြေသြဇာ မျိုးစေ့ ၄ ပြည် ကြဲပတ်ရပါတယ်။ စျေးနှုန်းကတော့ ၁ ပြည်ကို ၂၅၀၀ ကျပ်ပါ၊ ကြဲပတ်ပြီးလို့ (၄၅)ရက်ကြာရင် ထည်ထိုးမြေမြုပ်ပြီး မြေသြဇာအဖြစ် အသုံးပြုလို့ရပါပြီ။ ယနေ့ အထွက်နှုန်းကတော့ တစ်ဧကကို သစ်စိမ်းမြေသြဇာ အစိုတန် (၁၁.၉၅)တန်ထွက်ရှိပြီး ယူရီးယားဓာတ်မြေသြဇာ (၂.၅၀)အိတ်၊ တီစူပါ (၀.၃၄)အိတ်၊ ပိုတက် (၁.၂၂)အိတ်နဲ့ ညီမျှပါတယ်။ အခုယူရီးယား ဓာတ်မြေသြဇာက (၁)အိတ်ကို ၈၅၀၀၀ ကျပ်လောက် စျေးပေါက်ပါတယ်။ ပြောချင်တာကတော့ သစ်စိမ်းမြေသြဇာထည့်သွင်း စိုက်ပျိုးတဲ့အခါ မျိုးစေ့ဖိုး (၁၀၀၀၀)ကျပ်သာကျပြီး ယူရီးယား(၂) အိတ်ခွဲနဲ့ညီမျှတာကြောင့် တောင်သူများကို သစ်စိမ်းမြေသြဇာ ထည့်သွင်းစိုက်ပျိုးဖို့ အကြံပြုချင်ပါတယ်”လို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဦးက ပြောသည်။
လယ်ယာမြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် ဓာတ်မြေသြဇာ သုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း၊ အချိန်တိုကာလအတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များရရှိနိုင်၍ လယ်ယာမြေအတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်ပြီး၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင် တိုးပွားစေနိုင်ကြောင်း၊ ပိုက်ဆံလျှော် သီးနှံစိုက်ပျိူးရာတွင် ရာသီဥတု အခြေအနေပေးပါက တစ်ဧကလျှင် သစ်စိမ်းမြေသြဇာ (၅)တန်မှ (၇)တန်အထိ ရရှိနိုင်ပြီး ပုလဲဓာတ်မြေသြဇာ (၂ ) အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်များ ရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)