ပုသိမ် ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ကြည်သာစံပြကျေးရွာ မှန်စက်ရုံဝန်းအတွင်းရှိ ဆိပ်ခံဘောတွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ငဝန်မြစ်အတွင်း ငါးမျိုးစိုက် ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ်အောင်အောင်၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းဝင်း၊ တိုင်း/ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကြည်သာစံပြကျေးရွာနှင့် ဇင်ပြွန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးမှ ငါးမျိုးစိုက်ထည့်ခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ လေတပ်စခန်းဌာနချုပ်မှူးဗိုလ်မှူးချုပ်ထွန်းဝင်းတို့မှ ဦးဆောင်ကာ အစိုးရ အဖွဲ့ဝန်ကြီးများနှင့်အတူ ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။ ဆက်လက်၍ တိုင်း/ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ကျေးရွာများမှ လူမှုရေးအသင်းများနှင့် ရပ်မိရပ်ဖများစုပေါင်း၍ ငဝန်မြစ်အတွင်း တစ်ပြိုင်တည်း ငါးမျိုးစိုက်ထည့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ငါးမျိုးစိုက်ထည့်ရာတွင် ငါးမြစ်ချင်း ကောင်ရေနှစ်သိန်းခွဲ၊ ငါးခုံးမကြီးကောင်ရေ နှစ်သိန်းနှင့် ရွှေဝါငါးကြင်းကောင်ရေ ငါးသောင်းတို့ကို ငါးမျိုး စိုက်ထည့်ပေးခဲ့ကြကြောင်းသတင်းရရှိသည်။
မြင့်ဟန်