မြို့သစ် ဇွန် ၂၇
မြို့သစ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီတွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧက (၅၉၅၉၅)ကို လျာထားဆောင်ရွက်လျက်ရှိပြီး လက်ရှိစိုက်ပြီးဧက (၄၆၅၄)ဧကကျော် စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ရတနာတိုး၊ ဧရာမင်း၊ မနှောသုခနှင့် ဆင်းသုခစပါးမျိုးများကို စိုက်ပျိုးသွားမည်ဖြစ်ပြီး အခြားသီးနှံပဲမျိုးစုံနေကြာအစရှိသော သီးနှံအမျိုးမျိုး စိုက်ပျိုးရန်အတွက်လည်း စိုက်ပျိုးရေကိုလုံလောက်စွာ ပေးဝေသွားမည်ဖြစ်သည်။ စိုက်ပျိုးရေအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တောင်သူများအတွက် စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများ၏ စပါးစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားစွာရရှိနိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကလိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရေပြည့်ဝစွာရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၂၂ခုနှစ် မိုးသီးနှံအချိန်မှီ စိုက်ပျိုးနိုင်ရေးအတွက် နတ်မောက်ဆည်၊ ပုလင်းဆည်၊ ဆဒ္ဒန်ဆည်၊ စွန်ဆည်၊ ဘုတ်ချောင်းဆည်များက မိုးသီးနှံစိုက်ပျိုးရေ စတင်ပေးလွှတ်လျက်ရှိကြောင်း၊ မိုးသီးနှံစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းရေး စိုက်ပျိုးရေရယူသုံးစွဲနိုင်ရေးတို့အတွက် ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ မိုးစပါးပျိုးထောင်ရေနှင့် မိုးသီးနှံအတွက် စိုက်ပျိုးရေများစတင်ပေးလျက်ရှိပြီး တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို အကွက်ကျကျ စီစဉ်ဆောင်ရွက်နေကြပြီဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း( ပြန်ဆက်)