ဟိုင်းကြီးကျွန်း ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒီရေတော သစ်ပင်စုပေါင်းစိုက်ပျိုးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ အဏ္ဏဝါချောင်းဘေး လတာပြင်တွင် ဟိုင်းကြီးကျွန်းမြို့ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟိုင်းကြီးကျွန်းမြို့ သစ်တောဦးစီးဌာနမှ တောအုပ် ဦးဝင်းသိန်းအောင်က ဒီရေတောများသည် သဘာဝကိုမျှတစေရန် ဖန်တီးပေးရာတွင် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်းနှင့် ဂေဟစနစ် ကောင်းမွန်စေရန်အတွက် ဒီရေတောများ အရေးကြီးကြောင်းကို ပြောကြားပြီး စိုက်ပျိုးမည့် သစ်ပင်များ၏ အရေးပါပုံကို ဆက်လက်ရှင်းလင်း ပြောကြားပါသည်။
ထို့နောက် မြို့သစ်တောဦးစီးဌာနမှ တောအုပ် ဦးဝင်းသိန်းအောင်က စိုက်ပျိုးမည့် သစ်ပင်များကို မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် တာဝန်ရှိသူများအား ပေးအပ်ခဲ့ပြီးနောက် သစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အဆိုပါ ဒီရေတော သစ်ပင်စုပေါင်းစိုက်ပျိုးပွဲသို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများနှင့် ဒေသခံရွာသူ ရွာသားများ စုစုပေါင်းအင်အား (၆၂)ဦး တက်ရောက်ခဲ့ကြပြီး ဗြူးအုပ်ဆောင်း (၃၀၀)ပင်၊ ဗြူးခြေထောက်ဖို (၄၀၀)ပင်နှင့် မဒမပင် (၁၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
လှိုင်မျိုးအောင်(ပြန်/ဆက်)