ထားဝယ် ဇွန် ၂၇
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လောင်းလုံးဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကြုံတွေ့နေရသော အခက်အခဲများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ရှင်းလင်းတင်ပြချက်များအပေါ်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဆန်၊ ဆီ နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများ လက်ခံရယူသည်
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက လမ်းညွှန်အမှာစကားပြောကြားရာ၌ လောင်းလုံးမြို့နယ်သည် စီးပွားအချက်အချာကျသော နေရာဒေသတစ်ခုဖြစ်ပြီး ယခုအခါတွင် အခက်အခဲပြဿနာများကြောင့် စီးပွားရေးလျော့နည်းကျဆင်းလာသည်ကို တွေ့ရကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လောင်းလုံးဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးမှုနှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါ လောင်းလုံးနယ်မြေဒေသအတွင်း မလိုလားအပ်သောပြဿနာများ၊ မဖြစ်သင့်မဖြစ်ထိုက်သောကိစ္စရပ်များ ကြုံတွေ့လာရကြောင်း၊ လောင်းလုံးမြို့နယ်အနေဖြင့် ပညာရေး၊ ကျန်းမာရေးနိမ့်ဆင်းလာသည်ကိုတွေ့ရကြောင်း၊ လူငယ်လူရွယ်များ အသိပညာတိုးတက်လာအောင် သက်ဆိုင်ရာတာန်ရှိသူများအနေဖြင့် ကျောင်းများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ လောင်းလုံးဒေသဖွံ့ဖြိုးတိုးတက်လာမှ လူ့စွမ်းအားအရင်းအမြစ်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမှာဖြစ်ကြောင်း၊ ဒေသအတွင်းရှိ ပင်လယ်ကမ်းခြေများတွင် နိုင်ငံခြားခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် အပန်းဖြေကမ်းခြေများစွာရှိကြောင်း၊ လောင်းလုံးဒေသ တည်ငြိမ်အေးချမ်းသွားမည်ဆိုပါက ခရီးသွားဧည့်သည်များ ဝင်ရောက်လာမှာဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ပညာရေးဌာနမှ ဆရာ/ဆရာမများအား သီးခြားတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ကြုံတွေ့နေရသော အခက်အခဲများအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)