ဘိုကလေး ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဇွန်(၂၅)ရက်နေ့ မွန်းလွဲပိုင်း၌ မြင်းကကုန်းကျေးရွာအုပ်စုရှိ တောင်သူဦးခင်မောင်ချို၏ မြေနေရာ၌ မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်း အခမ်းအနား ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်မိုးဝင်းမှ မွေးမြူရေးလုပ်ကိုင်သူများအနေဖြင့် တိရစ္ဆာန်အစာပင် ကိုယ်တိုင်စိုက်ပျိုးခြင်းဖြင့် အာဟာရတန်ဖိုးမြင့်မားသော အစာကို ကျွေးမွေးနိုင်ခြင်းကြောင့် တိရိစ္ဆာန်ကြီးထွားနှုန်းမြင့်မားပြီး ထုတ်လုပ်မှုကောင်းစွာ ရရှိနိုင်ကြောင်း၊ အစာကုန်ကျစရိတ် သက်သာပြီး အစာရှားပါးချိန်တွင် ဖူလုံလောက်ငှမှုရှိခြင်းတို့ကြောင့် မိရိုးဖလာ အစာကျွေးမွေးမှုပုံစံမှသည် အာဟာရတန်ဖိုးမြင့်မားသော အစာအာဟာရ ကျွေးမွေးနိုင်ကြောင်းနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကို ရည်ရွယ်ကာ တိရစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ တိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးပွဲသို့ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်မိုးဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မွေးမြူရေးလုပ်ငန်းရှင် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)