အထက(ခွဲ)မောတောင်ကျောင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ခြင်ဆေးဖျန်းပေးခြင်းဆောင်ရွက်

တနင်္သာရီ ဇွန် ၂၇

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် (ထိုင်း-မြန်မာ)နယ်စပ်မြို့ဖြစ်သည့် မောတောင်မြို့ အထက(ခွဲ) မောတောင်ကျောင်းဝင်းအတွင်း ကျောင်းသူ/သားများအနေဖြင့် ခြင်မှတစ်ဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဆင်ခြေတောက်ရောဂါနှင့် အခြားကူးစက်ရောဂါများ မဖြစ်ပွါးစေရေးအတွက် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းအဖွဲ့များက ယမန်နေ့နံနက်ပိုင်းမှစ၍ ခြင်ပေါက်ဖွားမှု၊ ခြင်ခိုအောင်းမှုမရှိစေရေးအတွက် ခြင်ဆေးဖျန်းပေးခြင်းလုပ်ငန်းကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။

၎င်းခြင်ဆေးမှုတ်ပေးခြင်းလုပ်ငန်းကို မောတောင်မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းနှင့် ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့တာဝန်ခံ ဦးမျိုးအောင်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းအကျိုးဆောင်ကော်မတီဝင်များ၊ ဆရာ/မများပူးပေါင်း၍ ကျောင်းဆောင် အတွင်း စာသင်ခန်းများအားလုံး၊ ကျောင်းဝင်းအတွင်းရှိ အလှစိုက်ပန်းပင်များ၊ ခြုံနွယ်ပိတ်ပေါင်းများ၊ ရေနုတ်မြောင်းများနှင့် ကျောင်းသုံးအိမ်သာများအတွင်း ခြင်ပေါက်ဖွားမှု၊ အောင်းမှုမရှိစေရေး ခြင်ဆေးမှုတ်စက်ဖြင့် ခြင်ဆေးဖျန်းပေးကြခြင်းဖြစ်ကြောင်း မောတောင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)