ဒေးဒရဲမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒေးဒရဲ  စက်တင်ဘာ  ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က  ဒေးဒရဲမြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီး၏ အဝင်၊ အထွက် ဂိတ်တစ်ခုဖြစ်၍ ဒေးဒရဲတံတားပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် Auto Infrared Thermometer (Auto Scan) အပူချိန်တိုင်းစက်ရရှိလာသည့်အတွက် တပ်ဆင်အသုံးပြုရေး၊ ခရီးသွားပြည်သူများအား ထောက်ခံစာများ စစ်ဆေးရာတွင် ပိုမိုမြန်ဆန်စေရေးနှင့် ယာဉ်အသွားအလာ ပိတ်ဆို့မှုများ မဖြစ်ပေါ် စေရေး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များနှင့်အတူ ပညာရေး ဝန်ထမ်းများမှ အလှည့်ကျတာဝန် ထမ်းဆောင်စေရေး၊ ဈေးအတွင်း၊ အပြင်ရှိ ဈေးရောင်း ချသူများ၊ စားသောက်ဆိုင်များနှင့် အထည်ချုပ်စက်ရုံအား သတ်မှတ် ထားသော စည်းကမ်းချက် များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး ကြီးကြပ်ဆောင်ရွက်ရန်၊ ရခိုင်ပြည်နယ်ရှိ မြို့နယ်များ အားလုံးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ ပြန်လည် ရောက်ရှိလာသူများအား ဒေးဒရဲမြို့ရှိ Facility Quarantine များ၌ ထားရှိပြီး (Swab Test) စစ်ဆေးပြီး ပိုးတွေ့ရှိခြင်းမရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ကန့်သတ် စောင့်ကြည့် စခန်းများတွင် ဆက်လက်ထားရှိစေရေးနှင့် လိုအပ်ပါက ဖျာပုံတံတားအဆင်း အုန်းပင်ကျေးရွာ၌ စစ်ဆေးရေးဂိတ်ထားရှိပြီး (Mobile Team)ဖြင့် စစ်ဆေးသွားနိုင်ရေးတို့အား ဆွေးနွေးရာ အစည်းအဝေးသို့ တက်ရောက်လာသူများက ပြန်လည် ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညို၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)