ဒေးဒရဲ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် တော်ကျိုက်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ဂျုန်းဟိုအထည်ချုပ်စက်ရုံတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိကို မြို့နယ် စစ်ဆေးရေးအဖွဲ့က ယမန်နေ့ ညနေ(၃)နာရီက ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့တာဖြစ်ပြီး အလုပ်သမားများ အလုပ်ဝင်ချိန် ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်းများ ဆောင်ရွက်မှု ရှိ/မရှိ၊ လက်သန့်ဆေး၊ လက်အိတ်၊ ပိုးသတ်ဆေးနှင့် အပူချိန်တိုင်း ကိရိယာများ လုံလောက်စွာထားရှိခြင်း ရှိ/မရှိ၊ လက်ဆေးဘေစင်၊ အမှိုက်ပုံးများ ဆောင်ရွက်ထားရှိမှု အခြေအနေများ စစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ဆောင်ရွက်ထားရှိရေး မှာကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင်က စက်ရုံအတွင်းရှိ အထည်ချုပ် အလုပ်သမားများအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေး လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဂျုန်းဟို အထည်ချုပ်စက်ရုံတွင် စက်ချုပ်သမား (၁၅၉)ဦး၊ အခြား(၃၈)ဦး၊ အထွေထွေ(၂၀)ဦး၊ စုစုပေါင်း (၂၁၇)ဦးဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း စက်ရုံမန်နေဂျာ ဒေါ်လဲ့လဲ့၏ ပြောကြားချက်အရ သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)