မိုးရာသီရေဘေးအန္တရာယ် ကာကွယ်ရေး သရုပ်ပြပွဲအခမ်းအနား မြန်အောင်တွင် ကျင်းပ

မြန်အောင်  ဇွန်  ၂၆

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊မြန်အောင်မြို့နယ်တွင် မိုးရာသီကာလမြစ်ရေကြီးမှုများ ဖြစ်ပေါ်လာပါက တာတမံများထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တာတမံပျက်စီးနိုင်သော အချက်များကို ဒေသခံပြည်သူများသိရှိစေရန်အတွက် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက မြန်အောင် တာမိုင် ၆ /၃ မကျီးစုရေကင်းစခန်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင်   မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဌေးက မြန်အောင်မြို့နယ်တွင် ရေကာတာ တာမိုင် ၃၉ မိုင် ၂ ဖာလုံရှိပြီး ရေကင်းတဲ(၈)လုံးဖြင့် တာတမံထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မိုးရာသီမြစ်ရေကြီးချိန်တွင် သတိပြုရမည့် တာထိပ်ပေါ်ကျော်ခြင်း၊ ရေပေါက် (ထူးပေါက်) ၊ တာအိ ၊ သဲဗွက်ထ၊ တာကျွံခြင်းများ ဖြစ်ပေါ်လာပါက ကာကွယ်ရန် နည်းလမ်းများဖြစ်သောမြေသားသို့မဟုတ် သဲအိတ်ကန်သင်းဆင့် ခြင်း၊ မြေကတုတ်(ရေခွေ)တို့ဖြင့်အရေး ပေါ်ကာကွယ်စောင့်ရှောက်ရမည့် နည်းလမ်းများကို  ရှင်း လင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်‌ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက မြန်အောင်မြို့မြစ်ကမ်းထိန်းလုပ်ငန်းများ ပြုပြင် ထိန်းသိမ်း မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ မိုးရာသီရေဘေးအန္တရာယ်ကာကွယ်ရေးသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်အဖွဲ့ဝင်များ မြို့နယ်ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ဒေသခံပြည်သူများကို လက်တွေ့သရုပ်ပြရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင်(ပြန်/ဆက်)