အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်

ငါးသိုင်းချောင်း ဇွန် ၂၆

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပရာ ငါးသိုင်းချောင်းမြို့ပေါ်ရှိ အ-မ-က၊ ဆိတ်ချေးကုန်းနှင့် အ-မ-က၊ ရေတံခွန်ကျောင်းရှိ ပြိုင်ပွဲဝင်မူလတန်းကျောင်းသား၊ ကျောင်းသူများ၊ မြို့ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ (Book Club) အဖွဲ့ဝင်များ၊ လူမှု‌ရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ စုံညီစွာတက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနား၌ ငါးသိုင်းချောင်းနယ်မြေရဲတပ်ဖွဲ့စခန်းမှူးရဲအုပ်နိုင်လင်းက မူးယစ်ဆေးဝါးဆန့်ကျင်ရေး အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း‌ပြောကြားခြင်း၊ မြို့အုပ်ချုပ်ရေးမှူးဦးရဲထက်အောင်က ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ချီးကျူးဂုဏ်ပြုစကားပြောကြားခြင်း၊ (အငြိမ်းစား) မူလတန်းကျောင်းအုပ် ဆရာကြီးဦးသောင်းစိန်က စာစီစာကုံးအမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားခြင်း မြို့ပြန်/ဆက်ဦးစီးမှူးဒေါ်နှင်းယုဝေက ဆုရရှိသူများကိုကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများကို ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုချီးမြှင့်ခြင်း၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးကို ငါးသိုင်းချောင်းမြို့၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်နှင်းဝေလွင်က စာရေးကိရိယာများပေးအပ်ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် စာပေဗဟုသုတ‌လေ့လာမှု၊ အရေး၊ အဖတ်၊ အပြောစွမ်းရည်များ အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူထုအခြေပြုဗဟိုဌာန၌ ကာယ၊ ဉာဏစွမ်းရည်ဆိုင်ရာ ပြပွဲ၊ ပြိုင်ပွဲများအပြင် အထိမ်းအမှတ်နေ့များ၊ နေ့ထူးနေ့မြတ်များနှင ပတ်သက်သည့် အကြောင်းအရာများကို စာစီစာကုံးပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ပေးလျက်ရှိရာ မူးယစ်ဆေးဝါးဆန့်ကျင်ရေးနှင့် ပတ်သက်သည့် စာစီစာကုံးပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာနတွင် ဇွန်လ ၁၈ ရက်နေ့တွင်ကျင်းပပေးခဲ့ပြီး ယနေ့တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကျင်းပပေးနိုင်ခဲ့ကြောင်း မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေက ပြောကြားထားကြောင်း သိရသည်။

စိုးမင်းဦး(ပြန်/ဆက်)