ဘားအံ ဇွန် ၂၆
၂၀၂၂ ခုနှစ် ဘားအံမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား ရပ်ကွက်/ ကျေးရွာ အသက်(၂၁) နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲတွင် ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးထင်က ပြည်သူများအားကစားကို ပိုမိုစိတ်ဝင်စားလာစေရန်၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ ထူးချွန်ထက်မြတ်သည့် လူငယ်ဘောလုံးသမားများ ပေါ်ထွက်လာစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ အားကစားလှုပ်ရှားဆောင်ရွက်မှုများမှတစ်ဆင့် နိုင်ငံတော်မှချမှတ်ထားသည့် လူမှုရေးဦးတည်ချက်ပါ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေးမြင့်မားရေးဆိုသည့် လူမှုရေးဦးတည်ချက်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် ပြည်နယ်အစိုးရဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်၍ မြို့နယ် ကိုယ်စားပြုဘောလုံးသမား ကောင်းများဖြစ်လာစေရေး ကြိုးပမ်းအားထုတ်ဖို့လိုကြောင်း ပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
အဆိုပါပြိုင်ပွဲကို ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း(၁၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် အမှတ် ၄ ရပ်ကွက် ဘောလုံးအသင်းနှင့်ထောင်ကလပ်ကျေးရွာ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်များ ကြည့် ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)