ပေါင်းတည်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပြန်လည်ကြပ်မတ်၍ အရှိန်ဟုန်မြှင့်ဆောင်ရွက်

ပေါင်းတည် စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့အတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ပြန်လည်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်နှင့် အကြုံပြုချက်များကို တိကျစွာ လိုက်နာကြစေရန် စက်တင်ဘာ ၆ ရက်နေ့မှ စတင်ပြီး မော်တော်ယာဉ်လိုင်းများဖြင့် ပေါင်းတည်မြို့သို့ လာရောက်ကြသော ခရီးသွားပြည်သူများအား စစ်ဆေး ဂိတ် ဖွင့်လှစ်ပြီး ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားမှတ်တမ်းကောက်ယူခြင်းနှင့် ပညာပေးလုပ်ငန်း များအနေဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူများ အသွားအလာများပြားသည့် လူစည်ကားရာ နေရာများနှင့် လမ်းဆုံတို့တွင် Mask Campaign ပြုလုပ်ခြင်း ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များအား အချိန်နှင့်တစ်ပြေးညီ အသံချဲ့စက်ဖြင့် ကြေညာနှိုးဆော်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လူမှုရေးအသင်းများ ပူးပေါင်းကာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ပေါင်းတည်မြို့နယ်အတွင်း မိဘပြည်သူများအကြား ကူးစက်ပြန့်ပွားမှုမရှိစေရေး ဘက်ပေါင်းစုံမှ နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ယခုလက်ရှိတွင် ပြည်ပမှ နေရပ်ပြန် ပြည်သူ ၂၁ ဦး၊ ရောဂါပိုးရှိသူနှင့် Contact ရှိသူ(၂)ဦး ကိုလည်း မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး Hospital Quarantine ထားရှိကာ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ထားရှိကြောင်း မြန်မာနိုင်ငံအတွင်း ရောဂါဖြစ်ပွားရာဒေသများ နေထိုင်ပြီး ပြန်လည်ရောက်ရှိလာသူများကို သက်ဆိုင်ရာမှ စိစစ်ကာ စက်တင်ဘာ ၉ ရက်နေ့မှစတင်၍ ပေါင်းတည်မြို့ မြို့မအထကကျောင်းတွင် Facility Quarantine Centre ဖွင့်လှစ်၍ အသွားအလာ ကန့်သတ်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)