မင်းဘူး ဇွန် ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသခံတောင်သူများ အနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းများကို ခေတ်မီစိုက်ပျိုးနည်း စနစ်များဖြင့် လုပ်ကိုင်ဆောင်ရွက်ပြီး ဒေသတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်နိုင်စေရန် အတွက် မြို့နယ်အတွင်း အဆင့်မြင့် လယ်ယာမြေ စံပြစိုက်ခင်းအဖြစ် ကိုင်းတောလေး ကျေးရွာအရှေ့ကွင်းရှိ ကွင်းအမှတ်(၁၂၈၄) တောင်သူ ဒေါ်သန်းသန်းဌေး၏ ယာမြေဧရိယာ ၁၃ ဒသမ ၇၃ ဧကအတွင်း၌ ၁၂ ဧက ဖော်ဆောင်နေကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးဇော်လင်းက ပြောသည်။
ထို့သို့ ဖော်ဆောင်ရွာတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု ဦးစီးဌာနက ယာမြေအတွင်း ဧကကွက် တိုင်းတာခြင်း၊ မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနက စက်ယန္တရားများဖြင့် ရေစီးဆင်းမှု မြေမျက်နှာသွင်ပြင် အနေအထားအရ မြေယာ ပြုပြင်ခြင်းနှင့် ဧကကွက်များ ပုံဖော်ပေးခြင်း၊ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့က မြေအောက်ရေ ရရှိရေးနှင့် စက်ရေတွင်း တူးဖော်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက မြေဆီလွှာနှင့် စိုက်ပျိုးရေများ ဓါတ်ခွဲစစ်ဆေးခြင်း၊ ရေရရှိမှုအပေါ် မူတည်၍ ရာသီဥတုနှင့် ကိုက်ညီသော စိုက်ပျိုးသီးနှံများ ရွေးချယ်ခြင်း၊ မျိုးစေ့များ ထောက်ပံ့ပေးခြင်းနှင့် စိုက်ပျိုး နည်းပညာများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ယာမြေအတွင်း ဒေသခံတောင်သူများ ရာသီမရွေး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး အစိုးရအဖွဲ့က နေရောင်ခြည် စွမ်းအင်သုံး ဆိုလာနှင့် စက်ရေတွင်း နှစ်တွင်းကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ရေလှောင်ကန်၊ ရေဝင်မြောင်း၊ ရေစီးမြောင်း၊ ရေထုတ်မြောင်းနှင့် ကုန်ထုတ်လမ်းများ ပါဝင်ကြောင်း၊ စိုက်ပျိုးရေ ရရှိမှုအပေါ်မူတည်၍ မြေဆီလွှာ ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး မိုးစပါး၊ မြေပဲ၊ ပဲတီစိမ်း၊ နေကြာနှင့် နွေနှမ်းသီးနှံများကို ရာသီအလိုက် တစ်နှစ်ပတ်လည်လုံး စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းထံမှ သိရသည်။
မင်းဘူး(စကု) မြို့နယ်အတွင်း အဆင့်မြင့် စက်မှုလယ်ယာမြေအဖြစ် ပုံဖော်ဆောင်ရွက် ပြီးစီးသွားပါက ဒေသခံတောင်သူများ အနေဖြင့် မိမိတို့စိုက်ပျိုးလိုသော သီးနှံများကို အချိန်ရာသီမရွေး စိုက်ပျိုးနိုင်မှာ ဖြစ်တာကြောင့် မြို့နယ်အတွင်းရှိ တောင်သူများ စံနမူနာယူ လေ့လာပြီး လိုက်ပါ ဆောင်ရွက်နိုင်စေရေး တောင်သူပညာပေး ကွင်းသရုပ်ပြပွဲများကို အဆိုပါ စံပြစိုက်ခင်းအတွင်း ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)