မြဝတီ ဇွန် ၂၆
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(ဝါးတော)နှင့် အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းတို့တွင် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ(ဝါးတော)တွင် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးသက်က မိတ်ဆက်အမှာစကားပြောကြားပြီး မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှ ရှောင်ရှားရမည့်နည်းလမ်းများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ အကြောင်းအရင်းများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ခံစားရမည့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအစရှိသဖြင့် ဆွေးနွေး ဟောပြောသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (မြဝတီ)မှ စခန်းတာဝန်ခံ ဦးသန်းထိုက်စိုးက မူးယစ်ဆေးဖြတ်ပြီးသူများအားစခန်းမှ ပြန်လည်ထူထောင် ရေးလုပ်ပေးလျက်ရှိသည့် လုပ်ငန်းများအား ဆွေးနွေးဟောပြောသည်။
ဆက်လက်ပြီး မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များအား ကျောင်းသား၊ကျောင်းသူများမှ ကြည့်ရှုလေ့လာ ကြပြီး အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူ များတက်ရောက်ကြကြောင်း သိရသည်။
အလားတူ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်လည်း မွန်းလွဲ ၁ နာရီက ဆက်လက်ကျင်းပ ရာ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများက အသိ ပညာပေး ဆက်လက်ဟောပြောခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်