ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စားသောက်ဆိုင်များတွင် ဆောင်ရွက်ထားရမည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေး

ကြို့ပင်ကောက် စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးအဖွဲ့နှင့် စားသောက်ဆိုင်ပိုင်ရှင်များ တွေ့ဆုံ၍စာသောက်ဆိုင်များတွင် ဆောင်ရွက်ထားရမည့် ကျန်းမာရေး ဆိုင်ရာစည်းကမ်းချက်များကိုရှင်းလင်းဆွေးနွေးသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က အဖွင့်အမှာစကားပြောကြားပြီး ကူစက်ရောဂါနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာမေဇော်က ကိုဗစ်-၁၉ ရောဂါများ ဖြစ်ပွားရာကာလအတွင်း ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များတွင် Physical Distancing နှင့်အညီ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာအဝေးဖြင့် နေထိုင်သွား ကြရန်၊ ဆိုင်အဝင်အထွက် အပေါက်များတွင် လက်ဆေးဘေစင်များ၊ Alcohol 60% ပါရှိသော လက်သန့်စင် ဆေးရည်များ ထားရှိသွားရန်၊ လာရောက်စားသောက်သူများအား နှာခေါင်းစည်းများ တပ်ဆင်စေခြင်းနှင့် အပူချိန် တိုင်းခြင်းအစီအစဉ် များနှင့် ဆောင်ရွက်ထားရမည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် စားသောက်ဆိုင်ပိုင်ရှင်များမှ သိလိုသည့်ဆွေးနွေးမေးမြန်းချက်များကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စိုးမြင့်အောင်က ဖြည့်စွက်ဆွေးနွေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးအဖွဲ့နှင့် မြို့ပေါ်(၁၀)ရပ်ကွက်မှ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ ကြို့ပင်ကောက်မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင် ၄၃ ဆိုင်မှပိုင်ရှင်များ တက်ရောက်ခဲ့ကြသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)