ပြည်မြို့နယ် သဲကြဲကြီးကျေးရွာ၌ မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် (၁ ဒသမ ၅) ဧက စိုက်ပျိုး

ပြည် ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်မြို့နယ် သဲကြဲကြီးကျေးရွာ တောင်သူ ဦးကြည်စိုး၏ စိုက်ပျိုးမြေ (၁ ဒသမ ၅) ဧက၌  ယနေ့နံနက်ပိုင်းက မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက်သရုပ်ပြစိုက်ပျိုးပွဲ ကျင်းပခဲ့သည်။

ယင်းတိရစ္ဆာန်အစာပင် နေဗီယာမြက်များ စိုက်ပျိုးရာတွင် ကျေးရွာပြည်သူများနှင့်အတူ မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်းစိုက်ပျိုးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးသည်။

အဆိုပါတိရစ္ဆာန်အစာပင် နေဗီယာမြက်သည် ကျွဲ/နွားများ အစာတင်မကဘဲ သိုး၊ ဆိတ်နှင့် ကြက်၊ ဘဲ၊ ဝက်တို့ကိုပါ ကျွေးနိုင်သောမြက်အမျိုးအစားဖြစ်ပြီး အာဟာရ တန်ဖိုးမြင့်မားကာ အသားဓာတ် ၁၂ မှ ၁၇ အထိ ပါဝင်ကြောင်း၊ နေဗီယာမြက်၏ အားသာချက်တစ်ခုမှာ စိုက်ပျိုးရလွယ်ကူသော ပင်မြင့်မျိုးဖြစ်ကာ ရာသီဥတု ဒဏ်ကိုခံနိုင်ကြောင်း၊ တစ်ဧကထွက်နှုန်း တစ်နှစ် တန် ၁၀၀ မှ ၁၂၀ အထိထွက်ရှိပြီး တစ်ကြိမ်စိုက်ပျိုးပြီးလျင် မြေဩဇာပြုပြင်ပေးပြီး ငါးနှစ်/ခြောက်နှစ်ခန့် တောက်လျှောက် ရိတ်ကျွေးနိုင်ကြောင်း၊ ယခင်က အာဟာရတန်ဖိုးနည်းပါးသည့် ကောက်ရိုး၊ မြက်ခြောက်များအစား အာဟာရနှင့် အသားဓာတ် ပါဝင်မှုမြင့်မားသော နေဗီယာမြက်များ စိုက်ပျိုးကျွေးမွေးပါက တောင်သူများ၏ တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းများ ဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးထံက သိရသည်။

ကိုဆက်(ပြန်/ဆက်)