ဆိပ်ဖြူမြို့နယ် မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးရေရှိ၍ မြေပြင်ခြင်းလုပ်ငန်းများဆောင်ရွက်

ဆိပ်ဖြူ  ဇွန်  ၂၆

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ မိုးစပါးစိုက်တောင်သူများအတွက်  စိုက်ပျိုးရေများ ပေးလွှတ်နေပြီဖြစ်သည့်အတွက် တောင်သူများက မိုးစပါးများအချိန်မီ စိုက်ပျိုးဆောင်ရွက်သွားနိုင်ရန် မြေပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ် မြင်က၀ကျေးရွာအုပ်စုရှိ အောက်ဆိပ်မြစ်ရေတင်စီမံကိန်းစိုက်ပျိုးဧရိယာတွင် ၂၀၂၂ ခုနှစ် မိုးသီးနှံကို မိုးစပါး ၅၂၀ ဧက ၊ အခြားသီးနှံ ပဲမျိုးစုံနှင့်နေကြာ ၆၈၀ ဧက စုစုပေါင်း စိုက်ဧက ၁၂၀၀ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေလုံလောက်စွာရှိရေး စီမံဆောင်ရွက်ပေးလျက်ရှိရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ အောက်ဆိပ် လျှပ်စစ်မြစ်ရေတင်စီမံကိန်း တာဝန်ခံအင်ဂျင်နီယာနှင့် ဝန်ထမ်းများက စိုက်ပျိုးရေပေးဝေရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လက်တံမြောင်းများအလိုက် ရေပေးမြောင်း တာဝန်ယူကြီးကြပ် ဆောင်ရွက်သည့် မြောင်းခေါင်းအဖွဲ့များနှင့်တွေ့ဆုံပြီး တောင်သူများ၏ ဒေသဝမ်းစာဖူလုံရေး၊ လူမှုစီးပွားဘ၀ပြည့်စုံရေး၊ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် သက်ဆိုင်ရာဌာနများက စိုက်ပျိုးရေးနည်းပညာများ၊ မျိုးကောင်းမျိုးသန့်များရယူ စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ ရှိသလို စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် စိုက်ပျိုးရေကို လုံလောက်စွာရရှိရေး အောက်ဆိပ်လျှပ်စစ် မြစ်ရေတင်စီမံကိန်းမှ တာဝန်ခံအင်ဂျင်နီယာနှင့် ဝန်ထမ်းများက ရေပေးဝေရေးကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို တောင်သူများအနေဖြင့် စိုက်ပျိုးရေရယူရာ၌  စနစ်တကျရယူစိုက်ပျိုးရေး၊ စိုက်ပျိုးရေလေလွင့်မှုမရှိစေရန်၊ စည်းကမ်းမဲ့ စိုက်ပျိုးရေရယူခြင်း ရှောင်ကြဉ်ခြင်း၊ ရေပေးမြောင်းရေလွှတ်မြောင်းများ ကျိုးပေါက်မှုမရှိစေရန် မြောင်းလက်တံ၊ ရေပေးမြောင်း များပေါ်၌ လွှတ်ကြောင်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ဆိတ်၊ နွားအုပ်များ လွှတ်ကျောင်းခြင်းမပြုလုပ်ရေးနှင့် စိုက်ပျိုးကန်သင်းဘောင်များ၌ ငှက်ပျောပင်ကဲ့သို့သော အခြားသစ်ပင်များ စိုက်ပျိုးခြင်း မပြုလုပ်ရေးတို့ကို ဆွေးနွေးညှိနှိုင်း ခဲ့ကြသည်။

အောက်ဆိပ်လျှပ်စစ်မြစ်ရေတင် စိုက်ပျိုးဧရိယာတွင် မိုးစပါးကို ဆင်းသုခ၊ ဧရာမင်း စပါးမျိုးများ စိုက်ပျိုးသွားမည်ဖြစ်ပြီး လက်ရှိအခြေအနေတွင် စပါးပျိုးထောင်ခြင်းလုပ်ငန်းနှင့် စိုက်ပျိုးမြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ စပါးပျိုးထောင်ရာတွင် SRI နည်းစနစ်များဖြင့် ပျိုးထောင်းထားရှိကာ SRI နည်းစနစ်ဖြင့် ပျိုးထောင်စိုက်ပျိုးခြင်းသည် ပျိုးသက်နုနုဖြင့် စိုက်ပျိုး နိုင်ပြီး ပင်ပွားနှုန်းကောင်းမွန်၍ စပါးအထွက်တိုးကြောင်း၊ ဧရာမင်းမျိုးစပါး တစ်တင်းလျင် ၂၈၀၀၀ ကျပ်၊ ဆင်းသုခမျိုးစပါး တစ်တင်းလျင် ၁၂၀၀ဝ ကျပ်ဖြင့် ဝယ်ယူပျိုးထောင်ကြရပြီး ပျိုးသက် ရက်ပြည့်လျှင် မြေပြင်ဆောင်ရွက်ပြီးဖြစ်၍ မိုးစပါးများကို စိုက်ပျိုးဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း မိုးစပါးစိုက်တောင်သူများထံမှ သိရှိရသည်။

စိုးလင်းနိုင်(IPRD)