ဇလွန် ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးစပါးရာသီ ဧက (၁၀၀) တစ်ဧကတင်း (၁၀၀) အထွက်နှုန်း ထွက်ရှိရေး စံပြကွက်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကို မြေဆီလွှာအတွင်း ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် မေရီလန်းကျေးရွာ တောင်သူ ဦးဝင်းမြင့်ဦး၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကို မြေဆီလွှာအတွင်း ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် အားပေးခဲ့ပြီး လယ်ယာမြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် အချိန်တိုကာလအတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝ မြေသြဇာနှင့် သစ်ဆွေးဓာတ်များရရှိနိုင်၍ လယ်ယာမြေအတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်ပြီး အကျိုးပြုအနုဇီဝပိုးများ၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင် တိုးပွား စေနိုင်ကြောင်း၊ ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့် ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း၊ ပိုက်ဆံလျှော်သီးနှံစိုက်ပျိူးရာတွင် ရာသီဥတုအခြေအနေပေးပါက တစ်ဧကလျှင် သစ်စိမ်းမြေသြဇာ (၅) တန်မှ (၇) တန်အထိ ရရှိနိုင်ပြီး ပုလဲဓာတ်မြေသြဇာ (၂) အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင် ဓာတ်များ ရရှိနိုင်ကြောင်းနှင့် ယနေ့ကျင်းပပြုလုပ်သော မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းရာတွင် သစ်စိမ်းမြေသြဇာ ပျမ်းမျှ ၁၂.၀၆ တန်ရရှိပြီး စုစုပေါင်း NPK ပါဝင်မှုမှာ ယူရီးယား ၃.၆ အိတ် ၊တီစူပါ ၀.၇၅ အိတ် ၊ ပိုတက် ၂ အိတ် နှင့် Organic Matter ၂၅၈၁ ပေါင်နှင့်ညီမျှသော အာဟာရဓာတ်များရရှိကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုးက တောင်သူများအား အသိပညာပေးပြောကြား၍ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကို မြေဆီလွှာ အတွင်းထည့်သွင်းခြင်း ကွင်းသရုပ်ပြခဲ့ကြသည်။
အဆိုပါ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကို မြေဆီလွှာအတွင်း ထည့်သွင်းခြင်း ကွင်းသရုပ် ပြပွဲအခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝေယံ (ပြန် / ဆက်)