ကျောက်တံခါး ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့်ကာကွယ်ထိန်းသိမ်းနိုင်ရန် ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၂-ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီက အမြန်လမ်းမကြီး၊ (၈၇/၆)အနီး ရဲနွယ်ပျိုးဥယျာဉ်ဝန်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းပိုင်တို့က မြို့ချောင်းကျေးရွာ သုခဝေစီ လူမှုကူညီမှုအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မီးသတ်တပ်ဖွဲ့များထံ ပျိုးပင်များပေးအပ်ပြီး တက်ရောက်လာသူများက သစ်ပင်စိုက်ပျိုးကြသည်။
ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ ဒေသအပူချိန်လျှော့ချနိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်စေရန်အတွက် ကျွန်းပျိုးပင် (၁၀၀)ပင်၊ ပိတောက်(၃၀၀)ပင်၊ မဟော်ဂနီ(၂၀၀)ပင်၊ ခရေ(၅၀)ပင်၊ ရေတမာ(၅၀)ပင်နှင့် မန်ဂျန်ရှားပျိုးပင် (၃၀၀)ပင် စုစုပေါင်းပျိုးပင် (၁၀၀၀)ကို စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သစ်တောဦးစီးဌာမှဝန်ထမ်းများကစုစုပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)