ဟိုင်းကြီးကျွန်း စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ လူစည်ကားရာနေရာများ၊ လမ်းများ၊ ကားဂိတ်၊ သင်္ဘောဆိပ်များတွင် ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်က ပြည်သူများ (Mask) တပ်ဆင် သွားလာခြင်း ရှိ/မရှိကို ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်ဆေးရေးလုပ်ငန်းများကို ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့နှင့် ရပ်/ကျေး အုပ်ချုပ် ရေးအဖွဲ့များမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်အထိ (Mask)များ တပ်ဆင်သွားလာမှုမရှိသည့် ပြည်သူများကို ယနေ့ နံနက်ပိုင်းက စတင်ကာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နောက်ဆုံးအကြိမ် အသိပေးဆွေးနွေးမှုများပြုလုပ်ကာ (Mask) အခု ၃၀၀ ကို အခမဲ့ဖြန့်ဝေ တပ်ဆင်ပေးခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုး ဒုတိယအကြိမ် ကူးစက်ပြန့်ပွားမှု မြင့်တက်လာချိန်၌ ဟိုင်းကြီးကျွန်းမြို့တွင် ပြည်သူများ နေအိမ်ပြင်ပသွားလာပါက (Mask)များ တပ်ဆင်သွားလာကြရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက မကြာခဏ အသိပေး ကြေညာမှုများကို မပြတ်ဆောင်ရွက် လျက်ရှိပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ပြည်သူများ (Mask) တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးမှုများကို မကြာခဏဆောင်ရွက်ကာ အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ပြီး(Mask) များ တပ်ဆင်ဖြန့်ဝေပေးမှုကို ဩဂုတ်လ ၂၉ ရက်နေ့တွင် တစ်ကြိမ် ယခုလ ၇ ရက်နေ့တွင် တစ်ကြိမ် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်းသိရှိရသည်။
ယခုအခါ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်သော ဟိုင်းကြီးကျွန်းမြို့ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီက မြို့အ ဝင် တံတားအနီး၌ စစ်ဆေးရေးဂိတ်တစ်ခုကို စက်တင်ဘာလ ၈ ရက် နံနက် ၇ နာရီအချိန်တွင် စတင် ဖွင့်လှစ်ကာ ပြည်သူများ (Mask) တပ်ဆင်မှု၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ညွှန်ကြားချက်များနှင့် အညီသွားလာမှု ရှိ/မရှိကို စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်းနှင့် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများသို့ပါ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ပြီး (Mask) တပ်ဆင်သွားလာမှု မရှိသူများကို အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)