ပုသိမ် ဇွန် ၂၅
ဧရာဝတီတိုင်း၏ မြို့တော်ပုသိမ်မြို့ကြီးအား “CLEAN CITY” ဖြစ်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တိုင်းတွင် ဆောင်ရွက်လျက်ရှိနေပြီး ယနေ့တွင် ပုသိမ်မြို့နယ်အတွင်းရှိ တိုင်း/ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ ယနေ့ ၂၅.၆.၂၀၂၂ နေ့ နံနက်ပိုင်း အချိန်မှစကာ စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်စနေနေ့တိုင်းဆောင်ရွက်လျက် ရှိကြသည်။
ယနေ့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အမှတ်.၃.ရပ်ကွက် အ.မ.က.၄ ကိုးသိန်း စာသင်ကျောင်းအတွင်း၌လည်းကောင်း၊ ရေမြောင်းများ တူးဖော်ခြင်းကို အမှတ်.၄.နယ်မြေ ပြည်တော်သာအိမ်ယာ၌လည်းကောင်း၊ ပလပ်စတစ်ကမ်ပိန်း (Campaign) ဆောင်ရွက်ခြင်းများကို စုစုပေါင်း (၆)နေရာခွဲ၍ ပြုလုပ်လျက်ရှိ ရာနေရာများသို့ ဧရာဝတီ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများက စစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှုး ဦးအောင်ကျော်စိုးနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးတို့မှ ဆောင်ရွက်နေမှုများအား လိုက်လံပြသရှင်းလင်း ပြောကြားခဲ့သည်။
ယနေ့ပြုလုပ်သည့် ပလတ်စတစ်ကမ်ပိန်းပြုလုပ်ခြင်း၏ ရည်ရွယ်ချက်များမှာ ကမ္ဘာမြေကြီးကို စိန်ခေါ်နေတဲ့ ပလပ်စတစ်ကင်းစင်ရေးနဲ့ အများပြည်သူတစ်ရပ်လုံးက လျှော့ချသုံးစွဲရေးအတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် စည်းကမ်းမဲ့အမှိုက်များ မစွန့်ပစ်ရေး ပိုစတာများ ကိုင်ဆောင်အသိပေးခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ပလပ်စတစ်ကမ်ပိန်းပြုလုပ်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို ပုသိမ်မြို့ပေါ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အသီးသီးရှိပြည် သူလူထု စုစုပေါင်းအင်အား ၅၅၀တို့ဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန်