၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပုသိမ် ဇွန် ၂၅

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်မြို့၌ ၂၀၂၂-၂၀၂‌၃ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ပုသိမ်တက္ကသိုလ်၊ မိုးလုံလေလုံ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်အားပေးခဲ့ကြသည်။

ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် သင်္ချာဘာသာရပ်အသင်းနှင့် သမိုင်းဘာသာရပ်အသင်းတို့ ငါးပွဲယှဉ်ပြိုင်ကစားခဲ့ကြရာ သင်္ချာဘာသာရပ်အသင်းက သမိုင်းဘာသာရပ်အသင်းအား ၃ပွဲ-၂ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားအား ကျင်းပရာ အကဲဖြတ်ဒိုင်အဖွဲ့အား ရူပဗေဒဌာန (ပါမောက္ခ၊ဌာနမှူး)ကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် ရိုက်ခုတ်၊ ပင့်ထောင်၊ နောက်ထိန်း၊ ဆယ်မ၊ အကောင်းဆုံးဆုရ အားကစားသမားများနှင့် နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယဆုရ ရုက္ခဗေဒဘာသာရပ်အသင်း၊ ဒုတိယဆုရ ရူပ‌ဗေဒဘာသာရပ်အသင်း၊ ပထမဆုရ သင်္ချာဘာသာရပ် အသင်းများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ဒုတိယပါမောက္ခချုပ်များကလည်းကောင်း၊ သုံးယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယဆုရ ပထဝီဝင်ဘာသာရပ်အသင်း၊ ဒုတိယဆုရ သမိုင်းဘာသာရပ်အသင်း၊ ပထမဆုရ သင်္ချာဘာသာရပ်အသင်းများအား  ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပါမောက္ခချုပ်ကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးတင်မောင်ဝင်းက နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ အသင်းလိုက် ပထမဆုနှင့် သုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ အသင်းလိုက် ပထမဆုရ သင်္ချာဘာသာရပ်အသင်းအား တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယခုလ ၂၁ ရက်နေ့မှ ၂၄ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဘာသာရပ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)