ဝေါ ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ ဌာနဆိုင်ရာများနှင့်အတူ ကျေးရွာများအရောက် ကွင်းဆင်း၍ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၂၄ ရက်နံနက်ပိုင်းတွင် ဖိုးပြန်ကျေးရွာနှင့် နေ့လယ်ပိုင်းတွင် ဖိုးစပယ်ကျေးရွာတို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးဇော်သန်းက ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေးနှင့် ရာနှုန်းပြည့်ထိုးနှံရေး၊ စိုက်ပျိုး၊ မွေးမြူ၊ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးရေးအကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးအောင်မိုးလွင်က ဆီထွက်သီးနှံနေကြာ သီးသန့်စိုက်ပျိုးရေး၊ စပါးမျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးပေးသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာများက ပညာပေးဆွေးနွေးပေးပြီး၊ တက်ရောက်လာသည့် ဒေသခံတောင်သူ လယ်သမားများက သိရှိလိုသည်များကို ပြန်လည်တင်ပြရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)