ဆင်ပေါင်ဝဲ ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဆန်းဝင်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်စခန်းမှူး ဦးသန်းဌေးအောင်နှင့် တပ်ဖွဲ့ဝင်များ ပြည်သူလူထု၏ အသက်အိုးအိမ်များ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်တတ်စေရန်၊ မီးသတ်စက်ကြီး၊ မီးသတ်စက်ကလေးတို့ကို ထိရောက်လျင်မြန်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်၍ ယမန်နေ့က ဆင်ပေါင်ဝဲမြို့၊ အမှတ်(၃) ရပ်ကွက်၊ ဧရာဝတီမြစ်ဆိပ်တွင် ရေစိုလေ့ကျင့်ခန်း(Wet Drill)အား စနစ်တကျ လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ရေစိုလေ့ကျင့်ခန်း(Wet Drill)ကို မီးသတ်စခန်းမှူး၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးသန်းဌေးအောင်ဦးဆောင်၍ တပ်ဖွဲ့ဝင်(၁၄)ဦးတို့သည် မီးအတန်းအစားခွဲခြားခြင်း၊ မီးလောင်ကျွမ်းမှုအခြေအနေ၊ မီးလောင်ပြင်၏ မြေမျက်နှာပြင်အခြေအနေ၊ လေတိုက်နှုန်း၊ မီးတောက်မီးခိုး၏အခြေအနေ၊ မီးကူးစက်ပြန့်ပွားမှုနှုန်းတို့ကို လေ့လာသုံးသပ်၍ အလျင်အမြန် မီးငြိမ်းသတ်ခြင်းလုပ်ငန်းများကို ထိရောက်မှန်ကန်စွာ ဆောင်ရွက်တတ်စေရန် စနစ်တကျ လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)