မုံရွာ ဇွန် ၂၅
၂၀၂၂-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စက်ကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် ကသာမြို့နယ် အမျိုးသားဘတ်စကက်ဘောအသင်းနှင့် ပင်လည်ဘူးမြို့နယ် အမျိုးသား ဘတ်စကက်ဘော အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကာ ကသာမြို့နယ်အသင်းမှ ပင်လည်ဘူးမြို့နယ်အသင်းအား အနိုင်ရရှိသွားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်းနှင့် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းတို့က အမျိုးသား/အမျိုးသမီး ပွဲစဉ်တစ်လျှောက် နေရာအလိုက် အကောင်းဆုံးရရှိကြသူများအား ဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် ငါးသောင်းတို့အား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်က တတိယဆုရရှိသော မုံရွာမြို့နယ် အမျိုးသမီး ဘတ်စကက်ဘောအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဒိုင်းဆုနှင့် ဆုငွေကျပ် နှစ်သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလှိုင်က တတိယဆုရရှိသော အင်းတော်မြို့နယ် အမျိုးသား ဘတ်စကက်ဘောအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဒိုင်းဆုနှင့် ဆုငွေကျပ် သုံးသိန်းတို့အား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ဒုတိယဆုရရှိသော ကသာမြို့နယ် အမျိုးသမီး ဘတ်စကက်ဘောအသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ဒိုင်းဆုနှင့် ဆုငွေကျပ် သုံးသိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက ဒုတိယဆုရရှိသော ပင်လည်ဘူးမြို့နယ် အမျိုးသားဘတ်စကက်ဘောအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဒိုင်းဆုနှင့် ဆုငွေကျပ် - ၅ သိန်းတို့အား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထမဆုရရှိကြသော အင်းတော်မြို့နယ် အမျိုးသမီး ဘတ်စကက်ဘောအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ တံခွန်စိုက်ဆုဖလားနှင့် ဆုငွေကျပ် ငါးသိန်းအား လည်းကောင်း၊ ကသာမြို့နယ် အမျိုးသားဘတ်စကက်ဘောအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ တံခွန်စိုက်ဆုဖလားနှင့် ဆုငွေကျပ် ခုနစ်သိန်းတို့အား ပေးအပ်ချီးမြှင့်ကာ တာဝန်ရှိသူများ၊ အားကစားသမားများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
၂၀၂၂-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ဘက်စကက်ဘောပြိုင်ပွဲသို့ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်မှ အမျိုးသား/အမျိုးသမီး ပြိုင်ပွဲဝင်အားကစားသမား (၁၂၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အကောင်းဆုံးအားကစားသမားများအား ရွေးချယ်၍ ၂၀၂၂-ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်းသိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)