ဟားခါး ဇွန် ၂၅
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အဖြစ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တီးတိန်မြို့နယ်နှင့် ဖလမ်းမြို့နယ်များတွင် ဇွန်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် တိရစ္ဆာန်စာပင် နေဗီယာ စိုက်ပျိုးကြကြောင်း သိရသည်။
တိရစ္ဆာန်များ လွှတ်ကျောင်းစနစ်မှ အစာကျွေးစနစ်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ အစာရှားပါးချိန်တွင် ကြွယ်ဝသည့်အစာအဖြစ် ကျွေးမွေးရန်၊ ပြည်တွင်း ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်းအတွက် အာဟာရမြင့်မားပြီး အထွက်နှုန်းကောင်းသော တိရစ္ဆာန်အစာများ ဖူလုံစွာသုံးစွဲနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် တိရစ္ဆာန်အစာပင်များ စိုက်ပျိုးခြင်းဖြစ်ပြီး တီးတိန်မြို့နယ်၊ တက်လွီးကျေးရွာရှိ တောင်သူတစ်ဦး၏ နွားနောက်မွေးမြူရေးခြံတွင် ဇွန်လ ၂၂ ရက်နေ့က တိရစ္ဆာန်အစာပင် နေဗီယာ၁ ဒသမ ၅၀ ဧက ၊ ဖလမ်းမြို့နယ်၊ အဲမွန်ပီးကျေးရွာရှိ တောင်သူတစ်ဦး၏ နို့စားနွားမွေးမြူရေးခြံတွင် ဇွန်လ ၂၃ ရက်နေ့က ၁ ဧက စိုက်ပျိုးကြသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ် တိရစ္ဆာန်အစာပင်စိုက်ပျိုးနိုင်ရေး မြေပြုပြင်ခြင်းနှင့် စိုက်ပျိုးခြင်းအတွက် လုပ်အားခ တစ်ဧက ၂ သိန်းခွဲနှုန်းဖြင့် ဧက ၂၀ အတွက် သိန်း ၅၀ ခွဲဝေခွင့်ပြုခဲ့ရာ မိုးရာသီ ပထမပတ်အဖြစ် ၂ ဒသမ ၅ ဧက ဆောင်ရွက်ခြင်းဖြစ်ကြောင်း ချင်းပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ခရိုင် (ပြန်/ဆက်)