လှိုင်းဘွဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် သတင်းအမှား/အမှန် ခွဲခြားသိမြင်နိုင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

 လှိုင်းဘွဲ ဇွန် ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် သတင်းအမှား/အမှန် ခွဲခြားသိမြင်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ()နာရီအချိန်က အဆိုပါသင်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးရီက ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်သမဝါယမအသင်းစုလီမိတက်က္ကဋ္ဌ ဦးလင်းခိုင်က သတင်းအမှား/အမှန် ခွဲခြားနိုင်ရေးအတွက် သတင်းအမှားများ ဖြစ်ပေါ်လာသည့် သဘောတရားတရားတို့ကို သရုပ်ပြ၍ အသိပညာပေးဟောပြောခြင်း၊ သတင်းအရင်းအမြစ်များ၊ အချက်အလက်များ သုံးသပ်ခြင်း စသည့်အကြောင်းအရာများကို  အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် မြိုင်ကြီးငူအထူးဒေသ နယ်မြေမီးသတ်စခန်းမှ တာဝန်ခံ ဦးစောကျော်ခေတ်အွာက မီးဘေးအန္တရာယ်များ ကျရောက်လာပါက ဆက်သွယ်ရေးရမည့် ဖုန်းနံပါတ်များ၊ အရေးပေါ်ဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊ မြို့နယ်မူးယစ်ဆန့်ကျင်ရေးအသင်းက္ကဋ္ဌ ဦးဌေးဝင်းတို့က မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က မီဒီယာကျင့်ဝတ် စည်းကမ်းနှင့်မီဒီယာများ၏ အခန်းကဏ္ဏကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)