ကန့်ဘလူမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲ ပြုလုပ်

ကန့်ဘလူ ဇွန် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဇွန် ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက မူးယစ်ဆေးဝါး အမျိုးမျိုးအကြောင်း၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးကြောင့် လူမှုရေး၊ ကျန်းမာရေး၊ မိသားစုညီအစ်ကိုမောင်နှမများ၊ သူငယ်ချင်းများကြား ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ နိုင်ငံတော်အတွက် လုပ်အားဆုံးရှုံးမှုများ၊ မည်သူ့ကိုမှ ကောင်းကျိုးမပေးသော မူးယစ်ဆေးဝါးများကို သုံးစွဲခြင်း၊ ရောင်းချခြင်း မပြုလုပ်ကြရန်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်  ဆွေးနွေးပြောကြားသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြသည်။ အဆိုပါပွဲများ ကျင်းပပြုလုပ်ပေးခြင်းအားဖြင့် ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါး၏ သားကောင်မဖြစ်စေရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကိုသိရှိစေရန်၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)