သရက်ချောင်း ဇွန် ၂၅
ဒေသခံပြည်သူများ သစ်တော၊ သစ်ပင်များ၏တန်ဖိုးကို အလေးထား သိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့ နံနက်(၇)နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပိန်းတောကျေးရွာ (အထက-ခွဲ) ကျောင်းဝင်းအတွင်း၌ ၂၀၂၂-ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး လဦးမောင်မောင်ဝင်း၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရပ်မိရဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက သတ်မှတ်ထားသောနေရာများတွင် ပျိုးပင်အမျိုးအစား(၈)မျိုး စုစုပေါင်း ပျိုးပင်(၂၈၀)ပင်အား စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။
သစ်ပင်လေးတွေစိုက်ကြမယ် တို့ကမ္ဘာလေးလှဖို့ကွယ်၊ သက်ရှိလောကတည်မြဲဖို့၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့၊ ဇီဝမျိုးစုံကြွယ်ဝဖို့ သဘာဝတောတွေထိန်းသိမ်းစို့၊ သစ်တောသစ်ပင်ကျေးဇူးရှင် ထိန်းသိမ်းကြစို့ ထာဝစဉ်၊ ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း စသည့် ဆောင်ပုဒ်နှင့်အညီ ပိန်းတောကျေးရွာ၊ (အထက-ခွဲ)ကျောင်းဝင်းအတွင်း ပျဉ်းကတိုး(၅၀)ပင်၊ စိန်ပန်း(၇၀)ပင်၊ ငုဝါ(၄၀)ပင်၊ ပိတောက်(၃၀)ပင်၊ စွယ်တော်(၂၀)၊ ကံ့ကော်(၂၀)၊ အာသောက (၃၀)၊ သစ်ရှို (၂၀) စုစုပေါင်းပျိုးပင်(၂၈၀)ပင်အား စိုက်ပျိုးပေးခဲ့ကြောင်း သတင်းရရှိသည်။
နန်းခလိုက်(သရက်ချောင်း)