ကလေးခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၂/၂၀၂၂)  ဆင်းပွဲကျင်းပ

ကလေး ဇွန် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၂/၂၀၂၂) ဆင်းပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲ (၂) နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သင်တန်းနည်းပြမှ ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ခြင်းဖြင့် သင်တန်းသားများအနေဖြင့် မိသားစုတစ်ပိုင်တစ်နိုင်ဝင်ငွေတိုးပွားလာခြင်း၊ အုပ်အကိုင်အခွင့်လမ်းများရရှိလာခြင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းငယ်လေးများ ထူထောင်လုပ်ကိုင်လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိလာနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် ဒု-ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှုးတို့မှ သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များနှင့် ယခုသင်တန်းတွင် လက်တွေ့ထုတ်လုပ်ထားသည့် ကုန်ချောပစ္စည်းများကိုပေးအပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ သင်တန်းသား (၂၀)ဦးနှင့် ဌာနဆိုင်ရာများစုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အပြင်ဖျော်ရည်၊ ယိုအမျိုးမျိုးနှင့်ကိတ်မုန့်၊ ပေါင်မုန့်သင်တန်းများ၊ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ အခြေခံသံဂဟေဆက်သင်တန်းနှင့် အခြားစက်မှုလက်မှုနှင့်ဆိုင်သော သင်တန်းများကို အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကလေးခရိုင်(ပြန်/ဆက်)