ပခုက္ကူ ဇွန် ၂၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့မွန်းလွဲပိုင်းက ပခုက္ကူမြို့သို့ရောက်ရှိပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ပထမဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ဇွန်လ ၂၄ ရက် မွန်းလွဲ ၁ နာရီက တာဝန်ရှိသူများနှင့်အတူ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဝယ်ယူမည့်ဆေးနှင့်ဆေးပစ္စည်းများ အိတ်ဖွင့် တင်ဒါဖွင့်ပွဲသို့ တက်ရောက်ပြီး ဆေးဝါးအမျိုးအစားများအလိုက် အရည်အသွေးပြည့်မီသည့် ဆေးနှင့်ဆေးပစ္စည်းများဖြစ်ရေး၊ ဆေးရုံကြီးအတွင်း တက်ရောက်ကုသမှုခံယူနေသည့်လူနာများအတွက် အမှန်တကယ် အကျိုးပြုထိရောက်မည့် ဆေးဝါးများဖြစ်ရေးတို့အတွက် စနစ်တကျစိစစ်ကြရန် လမ်းညွှန်မှာကြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဝယ်ယူမည့် ဆေးနှင့်ဆေးပစ္စည်းအုပ်စုများအလိုက် ခင်းကျင်းပြသထားမှုကို လိုက်လံကြည့်ရှုစစ်ဆေခြင်း၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် အထူးကုဆရာဝန်ကြီး၊ ဆရာဝန်မကြီးများက ဝယ်ယူမည့်ဆေးနှင့်ဆေးပစ္စည်းအမျိုးအစားများအလိုက် အတည်ပြုရွေးချယ်မှုနေတို့အား ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့်အဖွဲ့သည် ပခုက္ကူမြို့၊ သူနာပြုနှင့်သားဖွား သင်တန်းကျောင်းသို့ရောက်ရှိပြီး ဆရာမများ၊ သင်တန်းသူများနှင့် သွားရောက်တွေ့ဆုံရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်အေးက ကျောင်းသမိုင်းနှင့် ကျောင်းဧရိယာအကျယ်အဝန်း၊ ကျောင်းဖွင့်လှစ်တက်ရောက်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့်အဖွဲ့သည် လူဝင်မှုကြီးကြပ်နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ်ရုံးသို့ရောက်ပြီး ခရိုင်နှင့်မြို့နယ်ရုံး ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့်ဌာနရုံးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန်၊ လာမည့်ရွေးကောက်ပွဲအတွက် မဲစာရင်း များပြုစုရေးသွင်းရာတွင် အချက်အလက်များ တိကျမှန်ကန်မှုရှိစေရေး၊ အချိန်မီပြီးစီးရေးနှင့်မဲစာရင်းသာမက လူဦးရေစာရင်းပြုစုရာတွင် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)ကို အခြေခံစာရင်းအဖြစ် အသုံးပြုခြင်းမဟုတ်ဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးသည့် နိုင်-၄ မှတ်ပုံတင်စာရင်းများကိုအခြေခံကာ အပြန်အလှန် စစ်ဆေးနိုင်သည့် နည်းပညာကိုအသုံးပြု၍ Excel Format အရင်ရေးသွင်းပြီး e-ID Software စနစ်ကို ရေးသွင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ နိုင်-၄ မှတ်တမ်းစာရင်းများကို အခြေခံ၍ Software ရေးသွင်းခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားကြ ရန်လိုအပ်ကြောင်း ရှင်းလင်းမှာကြားခဲ့ကြောင်းသိရသည်။
ဘာမီသာ(ပခုက္ကူ)