မင်းကင်း ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်စသည့်လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်တွင် သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ သူနာပြုဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ မိုးကြိုကာလ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်များအလွယ်တကူပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်၊ ရေစည်၊ ရေပုံးများအတွင်းသို့ အဘိတ်ဆေးများခတ်ခြင်း လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊လဲ ၊စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် ဘုရားပန်းအိုးများ၊ သောက်တော်ရေခွက်များ၊ မိုးရေတင်ကျန်နိုင်သည့် တာယာခွံများနှင့် ရေအိုးဟောင်းများတွင် ရေများမခိုအောင်းစေရေး ဆောင်ရွက်ပေးကြပါရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရသည့်အကြောင်းအရာများအား အသိပညာပေးခြင်းများကို သတ်မှတ်ထားသည့် လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လှငွေ(မင်းကင်း၊ ပြန်/ဆက်)