မကွေး ဇွန် ၂၅
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ဇီးကျွန်းကျေးရွာအုပ်စု ရွှေကျင်ကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၂၂-ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင် ရက်သတ္တပတ်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေကျင်ကျေးရွာရှိ တောင်သူ ဦးစိန်ဝင်း၏ နေဗီယာမြက်(၁)ဧက စိုက်ခင်းတွင် ပြုလုပ်ဆောင်ရွက်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူး၊ စိုက်ပျိုးရေး ဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဝန်ထမ်း များ ပူးပေါင်းပါဝင်ကာ စုပေါင်းစိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အနေဖြင့် ကျွဲ၊ နွားတိရစ္ဆာန်များ အစာရေစာ ရှားပါးမှု အန္တရာယ်မှ ကင်းဝေး၍ အာဟာရပြည့်ဝသောမြက်မျိုးများကို စားသုံးစေခြင်းဖြင့် ကြီးထွားနှုန်း လျင်မြန်ကောင်းမွန်စေပြီး မိသားစုဝင်ငွေများ တိုးတက်ရရှိစေကာ၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက် လာစေရေး ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးခြင်းသည် တိရစ္ဆာန် များအတွက် အာဟာရဓာတ်ပြည့်ဝပြီး ထုတ်လုပ်မှုများ တိုးတက်ရရှိလာမည်ဖြစ်သည့်အတွက် မကွေးမြို့နယ်တွင် နေဗီယာမြက် ဧက(၂၀)ကျော်ကို စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်းနှင့် ဆက်လက်၍ မကွေးမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တိရစ္ဆာန်အစာပင် နေဗီယာမြက် မျိုးများကို ထပ်မံတိုးချဲ့ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ