သနပ်ပင် ဇွန် ၂၅
၂၀၂၂ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ နေဗီယာမြက် စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်း ၉ နာရီက ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ အောက်တကဲရွာသစ်ကျေးရွာရှိ တောင်သူဦးသန်းဝင်း၏ လယ်မြေတစ်ဧက၌ ကျင်းပခဲ့သည်။
ထိုသို့စိုက်ပျိုးခြင်းသရုပ်ပြရာတွင် သနပ်ပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာအေးအေးအောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာပြည်သူများက တက်ရောက် ပါဝင်စိုက်ပျိုး ပေးခဲ့သည်။
အဆိုပါ တိရစ္ဆာန်အစာပင် နေဗီယာမြတ်အား နွေရာသီအစာရှာပါးသည့်အချိန်တွင် ကျွဲ၊ နွား၊ တိရစ္ဆာန်များ အစာအဟာရလုံလောက်စေရန်၊ လွှတ်ကျောင်းစရာမလိုဘဲ ခြံလှောင်မွေးမြူပြီး ရိတ်ကျွေး နိုင်သောစနစ်ကို ပြောင်းလဲကျင့်သုံးနိုင်စေရန်၊ ပိုလျှံသောမြက်များကို အစာချဉ်ဖတ်ပြုလုပ်၍ အစာရှားပါးချိန်တွင် ကျွေးမွေးနိုင်စေရန်၊ မွေးမြူသူတောင်သူများအနေဖြင့် အောင်မြင်သော မွေးမြူရေးလုပ်ငန်းဖြစ်ထွန်းစေရန်အတွက် အစာကုန်ကျစရိတ် လျှော့ချနိုင်စေရန်၊ မွေးမြူရေးလုပ်ငန်းမှ အမြတ်အစွန်းများစွာရရှိပြီး တစ်ဖက်တစ်လမ်းမှ မိသားစုဝင် ငွေတိုးပွားစေရန် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
လှမိုး(ပြန်/ဆက်)