လောင်းလုံးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ

လောင်းလုံး  ဇွန် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတို့က ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က လောင်းလုံးမြို့(ဃ)ရပ်ကွက်၊ မိုးလုံလေလုံအားကစားခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေး၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ အပြည့်အဝထိုးနှံရေးကိစ္စရပ်များကို ဆွေးနွေးပြီး ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများတို့နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ထိုက်၊ မြို့နယ်စီမံအဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်းထွန်း၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သိန်းသိန်း(လောင်းလုံး)