မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ် မွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မကွေး     ဇွန်     ၂၅

မကွေးတိုင်းဒေသကြီး မွေးမြူရေးကဏ္ဍဖွံ့တိုးတက်စေရေးအတွက် ပွင့်ဖြူမြို့နယ် မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ပြည်လုံးကျော်ကျေးရွာအုပ်စု အမှတ်(၄)ချည်မျှင်နှင့် အထည်စက်ရုံ(ပွင့်ဖြူ)မှ ပြန်လည်စွန့်လွှတ်သည့် ဧရိယာအတွင်း မွေးမြူရေးဇုန် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေး အစီအမံများနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော် ကျော်လင်းက ပြန်လည်စွန့်လွှတ်သည့် ဧရိယာအတွင်း မွေးမြူရေးဇုန်ဖော်ဆောင်ရန် မြေပြင်စိစစ်ပြီး ဧရိယာ(၂၈၃.၀၀)ဧကအပေါ် လျှောက်ထားတင်ပြထားသည့် မွေးမြူရေးလုပ်ငန်းရှင်(၁၃)ဦးအတွက် အဆိုပြုလျာထား အကွက်ပေါင်း(၁၃)ကွက်၊ ဧရိယာ(၁၁၀.၀၀)ဧကနှင့် ကျန်ရှိဆက်စပ်ဧရိယာ(၈၀.၀၀) ဧကအပေါ်တွင်(ဧရိယာ(၅.၀၀)ဧကရှိသည့် အရံမြေ(၁၆)ကွက်အား လျာထားဆောင်ရွက်နိုင်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ဝင်းက မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ပြည်လုံးကျော်ကျေးရွာအုပ်စုတွင် ဆောင်ရွက်မည့် မွေးမြူရေးဇုန်မြေနေရာလျှောက်ထားမှု မြေနေရာလိုအပ်ချက် တွက်ချက်တင်ပြလာမှုအပေါ် စိစစ်တွေ့ ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင်းမြင့်က မွေးမြူရေးဇုန်ဖော်ဆောင်မည့် ဧရိယာအတွင်း မွေးမြူရေး လုပ်ငန်းရှင်(၁၃)ဦးတို့ လျှောက်ထားသည့် တိရစ္ဆာန်အမျိုးအစား အရေအတွက်အရ မွေးမြူရေးခြံ အတွက်မြေနေရာလိုအပ်ချက်၊ တိရစ္ဆာန်အစာပင်စိုက်ပျိုးရန် မြေနေရာလိုပ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြကာ၊ မွေးမြူရေးလုပ်ငန်းရှင်များမှ မွေးမြူရေးဇုန်ဖော်ဆောင်မည့် လုပ်ငန်းစဉ် အား မိမိတို့ အနေဖြင့် အားလုံးပူးပေါင်းပါဝင်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းလိုအပ်ချက်များအား ဆွေးနွေးတင်ပြခဲ့ကြသည်။

ယင်းနောက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးတင်ပြခဲ့မှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ၊  ပွင့်ဖြူမြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြေနေရာသည် နိုင်ငံတော်မှစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအဖြစ် သတ်မှတ်လိုက်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည့် မြေနေရာဖြစ်၍ မွေးမြူရေးဇုန်မြေနေရာအဖြစ် အသုံးပြုနိုင်ရေး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသို့ တင်ပြအတည်ပြုချက်ရယူကာ အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

မောင်ညီညာ