ဝေါ ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အခြေခံပညာ အလယ်တန်းကျောင်းခွဲ (ညောင်ခါးရှည်)၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ညောင်ခါးရှည်နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်စိုးစိုးနှင့် တပ်ဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမများ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးတင်သိန်းဦးက အဖွင့်အမှာစကားပြောကြားပြီးနောက် ညောင်ခါးရှည်နယ်မြေရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်စိုးစိုးက မူးယစ်အန္တရာယ်အကြောင်း အသိပညာပေး ဆွေးနွေးဟောပြောသည်။ ထို့နောက်ကျောင်းသား/ ကျောင်းသူ (၄) ဦးတို့က မူးယစ်ဆေးဝါးဆိုးကျိုး၊ အန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေး ဆောင်ပုဒ်များကိုရွတ်ဆိုပြခဲ့ကြောင်းသိရသည်။
ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဆွေးနွေးဟောပြောသည့် ကျောင်းသားကျောင်းသူများအား ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်းသိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)