ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကျုံဒိုးမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

ဘားအံ ဇွန် ၂၅

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၆) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း၊ ကရင်ပြည်နယ် ငြိမ်းချမ်းရေး အထောက်အကူပြုကော်မတီဝင် မြို့မိမြို့ဖများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံဒိုးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ/ဆရာမများ၏ သင်ကြားသင်ယူမှုဆောင်ရွက်နေသည့်အခြေအနေ၊ ကျောင်းစာသင်ခန်း၊ ပရိဘောဂ ပြည့်စုံလုံ လောက်မှုရှိ/မရှိ အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် ဆရာ၊ဆရာမများအတွက်ငွေကျပ် ၃ သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးရိက္ခာဖူလုံပိုလျှံစေရေး၊ အစားအစာဘေးကင်းလုံခြုံမှုရှိ စေရေးနှင့် ငါးထုတ်လုပ်မှုစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေစေရေးအတွက် မျိုးကောင်းမျိုးသန့် ငါးသားပေါက်များ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသော ကျုံဒိုးမြို့ငါးသားဖောက်စခန်းကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ငါး လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးစုံမိုင်းနှင့် စခန်းတာဝန်ခံ ဦးမင်းဦးတို့က စုစုပေါင်းဧရိယာ ၃၇ ဒသမ ၈၉ ဧက ပေါ်တွင် မြေသားငါးကန် ၃၁ ကန်ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ဒေသခံတောင်သူများအား ငါးသားပေါက် ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုအခြေအနေ၊ မိုးရာသီရေကြီးနစ်မြုပ်မှုကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ငါးလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ တစ်နိုင်တစ်ပိုင်ပေါင်းစည်းစိုက်ပျိုးမွေးမြူခြင်းစံပြကွက် (၅)ဧကကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကရင်အမျိုးသားအစည်းအရုံး/ကရင်လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)၏ ဘားအံဆက်ဆံရေးရုံးသစ်အား ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ်သည့်အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ KNU/KNLA(PC) ဒုတိယဥက္ကဋ္ဌဒေါက်တာနော်ကပေါ်ထူးနှင့် KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့က ဆက်ဆံရေးရုံးသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)