ကျုံပျော် စက်တင်ဘာ ၈
နိုင်ငံတော်အစိုးရက မသန်စွမ်းသူများ၏ စားဝတ်နေရေး တစ်ထောင့်တစ်နေရာမှ အဆင်ပြေစေနိုင်ရန်အတွက် ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ လူမှု ဝန်ထမ်းဦးစီးဌာနက ဦးဆောင်ကာ မသန်စွမ်းသူ(၁၁၂၆) ဦးအား ထောက်ပံ့ကြေးများ အိမ်တိုင်ရာ ရောက် လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မသန်စွမ်းတစ်ဦးလျှင် ငွေ(၃၀,၀၀၀) ကျပ်နှုန်း ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပြီး၊ ယခင်က ကနဦးထောက်ပံ့မှု အဖြစ် မြို့နယ်အတွင်းရှိ မသန်စွမ်း(၁၂၆၉)ဦးကို ထောက်ပံ့မှုများဆောင် ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် တွင် ထပ်မံထောက်ပံ့ရန် ကျန်ရှိနေသော မသန်စွမ်း(၁၁၂၆) ဦးကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ခြင်း ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထွေးသူဇာအေး ထံမှသိရသည်။
ထိုသို့ထောက်ပံ့မှုတွင် ကိုယ်အင်္ဂါမသန်စွမ်း၊ ဉာဏ်ရည်မသန်စွမ်း၊ အကြားအာရုံမသန်စွမ်းနှင့် အမြင်အာရုံမသန်စွမ်းသူများ အားလုံး ပါဝင်ပြီး ယခုကဲ့သို့ ထောက်ပံ့ကြေး ရရှိသည့်အတွက် ဝမ်းသာလျက် ရှိကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)