မော်လိုက်မြို့၌ တိရိစ္ဆာန်အစာပင်နေပီယာမြက်များ စတင်စိုက်ပျိုးလာ

မော်လိုက် ဇွန် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ အဟာရပြည့်ဝပြီး အထွက်နှုန်းမြင့်မားသည့် တိရိစ္ဆာန်အစာပင်အနေဖြင့် နေပီယာမြက်မျိုးများ အောင်သာယာရပ်ကွက်နေ တောင်သူ ဦးမောင်မောင်၏ ယာကွက်တွင် ၂၀၂၁ ခုနှစ်မှ စတင်စိုက်ပျိုးလာရာ ယခုနှစ် ဇွန်လပိုင်းတွင် တိရိစ္ဆာန်အစာပင် တစ်ဧက ထပ်မံတိုးချဲ့စိုက်ပျိုးခဲ့ကြောင်း သိရသည်။

“တိရိစ္ဆာန်အစာပင် နေပီယာမြက်မျိုးကို ၂၀၂၁ခုနှစ်က တောင်သူ ဦးမောင်မောင်၏ ယာကွက်တွင် တစ်ဧက စတင်စိုက်ပျိုးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဇွန်လတွင် တစ်ဧက ထပ်မံတိုးချဲ့ စိုက်ပျိုးခဲ့ သည့်အတွက် တိရိစ္ဆာန်အစာပင် နှစ်ဧကစိုက်ပျိုးထားကြောင်း၊ ယခုလို တိရိစ္ဆာန်အစာပင် နေပီယာမြက်များ စိုက်ပျိုးခြင်းဖြင့် လွှတ်ကျောင်းစနစ်မှ အစာကျွေးစနစ်ဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ ကျွဲ၊ နွားများအတွက် အာဟာရမြင့်မားပြီး အထွက်နှုန်းကောင်းစေသော တိရိစ္ဆာန်အစာများ ဖူလုံစွာအသုံးပြုကျွေးမွေးနိုင်စေရန်၊ အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော အစားအစာအဖြစ် ကျွေးမွေးနိုင်စေရန်စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း” မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်စိန် ပြောပြချက်အရ သိရသည်။

မော်လိုက်မြို့နယ်တွင်းရှိ ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများနှင့် တောင်သူများအနေဖြင့် တိရိစ္ဆာန်အစာပင် နေပီယာမြက်မျိုးအား စိုက်ပျိုးလိုပါက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် အခမဲ့လာရောက်ယူဆောင်နိုင်ကြောင်း ၎င်းထံမှ သိရသည်။

မော်လိုက်သားလေး