ဘားအံ ဇွန် ၂၅
ကရင်ပြည်နယ်၏မြို့တော်ဘားအံမြို့ကို သန့်ရှင်းသာယာလှပသောအစိမ်းရောင် မြို့တော်ဖြစ်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများနှင့် နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များမှတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အများပြည်သူအေးချမ်းပျော်ရွှင်စွာ အနားယူ အပန်းဖြေနိုင်ရေးနှင့် ပြည်တွင်း၊ ပြည်ပ သဘာဝအခြေခံခရီးသွား ဧည့်သည်များအတွက် ဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်စေရေး ဆောင်ရွက်ထားသော ဘားမဲတောင်သဘာဝဥယျာဉ်အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ တပ်မတော်သားများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ရပ်ကွက်နေ ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ အမှတ်(၁၅) အခြေခံပညာမူလတန်းကျောင်း၊ ရွှေကင်းအခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၁၈)အခြေခံပညာ မူလတန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန အောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ဆရာမများ၊ ရပ်ကွက်နေ ပြည်သူများ၊ စည်ပင်သာယာရေးဝန်ထမ်းများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုများကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါကျောင်းများ၏ဥပဓိရုပ်ကောင်းမွန်ရေး၊ ဆရာ၊ဆရာမများနေအိမ်၊ စာသင်ခန်း၊ ပရိဘောဂ၊ သန့်စင်ခန်း၊ ရေ၊ မီး ပြည့်စုံလုံလောက်မှု ရှိ၊မရှိ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး စိုက်တောင်သူများအား ဆင်းသုခမျိုးစပါး(RS)နှင့်သဘာဝမြေဩဇာထောက်ပံ့ပေးအပ်ခြင်း၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မြေခံထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲအခမ်းအနားကို ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအနီးရှိ ကမော့ကပို မျိုးသန့်ခြံ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိုးစပါးစိုက်တောင်သူများအနေဖြင့် ဝိရိယထား၍ အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးလုပ်ကိုင်ကြဖို့လိုကြောင်း၊ နှစ်သီးစား သုံးသီးစား စိုက်ပျိုးလုပ်ကိုင်၍ သီးထပ် သီးညှပ်များဖြင့် မြေယာကိုအနားမပေးဘဲ စဉ်ဆက်မပြတ်စိုက်ပျိုးလုပ်ကိုင်ကြစေလိုကြောင်း၊ လိုအပ်သည့်သွင်းအားစု နှင့်စိုက်နည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ မိုးစပါးတစ်ဧက အထွက်နှုန်း တိုးတက်စေရေး မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင် စိုက်ပျိုးလုပ်ကိုင်ကြဖို့လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက ကော့စိန်ဘန်အောက်ကျေးရွာအုပ်စုနှင့် ကော့ကဒါကျေးရွာအုပ်စုရှိ ကျေးရွာ(၉)ရွာမှ မိုးစပါးစိုက်တောင်သူများအား ဆင်းသုခမျိုးစပါး(RS)နှင့် သဘာဝမြေဩဇာများထောက်ပံ့ပေးအပ်ရာ တောင်သူကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးရွာများမှမိုးစပါးစိုက်တောင်သူများနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်း မြေဩဇာ(ပိုက်ဆံလျှော်)မြေခံထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲနှင့် စူပါဘိုကာရှီ(အဆင့်မြင့်အီးအမ် မြေဆွေး) ပြုလုပ်ပြသခြင်းတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)