မကွေး ဇွန် ၂၅
၂၀၂၂ ခုနှစ်၊ မကွေးတိုင်းဒေသကြီး မိုးရာသီ(ပထမအကြိမ်) သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က မကွေးတက္ကသိုလ်ဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းများ၊ တက္ကသိုလ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး မိုးရာသီ(ပထမအကြိမ်) သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် မိမတို့မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်အလိုက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပလျက်ရှိရာ စုစုပေါင်းပျိုးပင်ပေါင်း (၂)သန်းကျော်ခန့် စိုက်ပျိုးခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ကမ္ဘာကြီးပူနွေးလာမှုနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျိုးဆက်များဖြစ်သည့် ပတ်ဝန်း ကျင်ဆိုင်ရာပြဿနာများအား ကုစားရာတွင် ကုန်ကျစရိတ်အသက်သာဆုံးနှင့် အကောင်းဆုံး နည်းလမ်းသည် သစ်ပင်စိုက်ပျိုးခြင်းနှင့် သဘာဝသစ်တောများအား ပြုန်းတီးမှုမရှိအောင် ထိန်းသိမ်း ကာကွယ်ခြင်းဖြစ်ပါကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့်လည်း သစ်တောများပြုန်းတီးမှုများအား ကာကွယ်နိုင်ရန်အတွက် နှစ်(၃၀)အမျိုးသားသစ်တောကဏ္ဍပင်စီမံကိန်းနှင့် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တက်ထောင်ရေးစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဒေသနှင့်ကိုက်ညီသည့် ဂေဟစနစ်များ ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များအား ကမ္ဘာ့အရွေ့နှင့် အတူ လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် သစ်တောသစ်ပင်များ၊ ဂေဟစနစ်များ၏ အစစ်အမှန် တန်ဖိုးအားနားလည်ပြီး ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြဒေသအလိုက် သစ်ပင်များစိုက်ပျိုးပြီး ရှင်သန်အောင် ထိန်းသိမ်းလျက် ဂေဟစနစ်အား ပြန်လည်ဖြည့်တင်းနိုင်ရေး ဝိုန်းဝန်း ဆောင်ရွက်ကြရန်လိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ သစ်ပင်များ စိုက်ပျိုးနိုင်ရန်အတွက် ဖန်ခါးပျိုးပင်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်မှ မကွေးတက္ကသိုလ် တွဲဘက်ပါမောက္ခ ဒေါက်တာဌေးဌေးမြင့် အားလည်းကောင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှုးချုပ် ဝင်းမောင်သိန်းမှ ခရေပျိုးပင်များ အား မဟာတန်းကျောင်းသူများအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ် သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းနှင့် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးတို့က ပိတောက်ပျိုးပင်များနှင့်မယ်ဇယ်ပျိုးပင်များအားလည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကဒေါ်ဝင်းဝင်းမြင့်က တမာပျိုးပင်များအားလည်းကောင် အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ပျိုးပင်များ စိုက်ပျိုးခဲ့ ကြပြီး တက်ရောက်လာကြသူများမှ ပျိုးပင်များစိုက်ပျိုးနေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကံ့ကော်၊ ခရေ၊ ပိတောက်၊ ဖန်ခါး၊ တမာ၊ စိန်ပန်း၊ ကျွန်း၊ ထောက်ကြံ့၊ ငုရွေဝါ၊ ပန်းတမာ အစရှိသည့် သစ်မျိုးစုံနှင့် ပန်းအလှပင် စုစုပေါင်း သစ်မျိုး (၃၃) မျိုးနှင့် ပျိုးပင်ပေါင်း(၈၈၂)ပင်အား စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၂ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီအကြို သစ်ပင်စိုက်ပွဲ(၁၉)ပွဲဖြင့် စိုက်ပျိုးပင်ပေါင်း (၂)သန်းကျော်အား စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)