ကျုံပျော်တွင် ငါးမွေးဧက ၂၀၀ ကျော်အတွက် ငါးသားပေါက်ကောင်ရေ (၄)သိန်းကျော် အခမဲ့ ထောက်ပံ့ပေးအပ်

ကျုံပျော်   စက်တင်ဘာ  ၈

ကျုံပျော်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနကဦးဆောင်၍ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERP  အရ မြို့နယ်အတွင်းရှိ ငါးမွေးဧက (၂၀၀)ကျော်အတွက် ငါးသားပေါက်ကောင်ရေ(၄)သိန်းကျော်အား အခမဲ့ ထောက်ပံ့ပေး အပ်ခြင်းကို ကျုံပျော်မြို့နယ်၊ အောင်လံစုတာဆုံနှင့် ရှားခဲကျေးရွာတို့၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကျုံပျော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်ကာ မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူ (၂၇) ဦး၏ ငါးမွေးဧက (၂၂၃.၆၉)ဧကထံသို့ ငါးမြစ်ချင်းသားပေါက် ကောင်ရေ (၄၄၇,၃၈၀) အား ထောက်ပံ့ပေးအပ်ခြင်းဖြစ် သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီ၊ ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ခင်မျိုးနိုင်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ငါးမွေးတောင်သူ များထံသို့ ငါးသားပေါက်များ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။

ယခုကဲ့သို့ နိုင်ငံတော်မှ ငါးမျိုးများထောက်ပံ့ခြင်းသည် ကိုဗစ်-၁၉ ကာလအတွင်း ရေလုပ်ငန်းကဏ္ဍ အပေါ် ထိခိုက်ဆုံးရှုံးမှုများကို ပြန်လည်ထူထောင်နိုင်ရေးအတွက ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ငါး မွေးမြူမှု တစ်ဧကလျှင် ငါးသားပေါက်ကောင်ရေ (၂၀၀၀) နှုန်း ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ မြို့နယ်အတွင်း ကျန်ရှိနေသည့် ငါးမွေးတောင်သူ(၇၁) ဦး၏ ငါးမွေးဧက (၂၁၈.၀၁)ဧက ထံ သို့ ငါးသားပေါက်ကောင်ရေ (၄၃၆,၀၂၀)အား ယခုလအတွင်း ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မျိုးနိုင်ထံမှ သိရသည်။

နေဝင်းမြင့်(ကျုံပျော်)