ပဲခူး ဇွန် ၂၅
၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင်ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပဲခူးမြို့ အ.ထ.က(၈)ကျောင်း၌ ဟောပြောဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် အ.ထ.က(၈)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်ဇော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နုက မူးယစ်ဆေးဝါးကင်းစင်သည့် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများဖြစ်စေရန်နှင့် စာသင်ကျောင်းအနီးအနားတွင် ဆေးလိပ်အပါအဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေနိုင်သော ဆေးဝါးများအန္တရာယ်မှ တားဆီးကာကွယ်နိုင်စေရန်အတွက် ရည်ရွယ်၍ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးသုံးစွဲသူ၏ လက္ခဏာများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် “မူးယစ်ဆေးဝါးပပျောက်ရေး ပြည်သူအားလုံး ပါဝင်ပေး”၊ “အနာဂတ် ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ မူးယစ်ဆေးဝါးဆိုင်ရာ သိမှတ်ဖွယ်ရာများကို အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်ပြီး မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် ကြောက်မက်ဖွယ်ကောင်းပုံများ ပါဝင်သော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ မှတ်သားကြည့်ရှုကြပြီး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲသို့ အ.ထ.က(၈) ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ (၁၂၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ခရိုင်၊ပြန်/ဆက်)