ငရုတ်ကောင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ကဗျာရွက်ဆိုပြိုင်ပွဲ ကျင်းပ

ငရုတ်ကောင်း ဇွန်၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ ဇွန်လ(၂၆)ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ကဗျာရွက်ဆိုပြိုင်ပွဲကို ယမန်နေ့ညနေ၂နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ကျော်မာလာလွင်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများအကြောင်းကို ပြောကြားခဲ့သည်။ ပြီးနောက် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံ၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီးမြတ်သန်းထွန်း၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရဲထွန်းဦးနှင့် မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရအောင်တို့က မူးယစ်းယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးခြင်းဖြင့် ရရှိမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကြောင့် လူညွန့်တုံးခဲ့ရသည့် သာဓကများအကြောင်းကို အသီးသီးဟောပြောပေးခဲ့ကြသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကဗျာရွက်ဆိုပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူလေးများမှ ကဗျာဆရာမင်းသန်းနိုင် (မုဒုံ)ရေးသားသော ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ် ကဗျာအား ရွက်ဆိုယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား ဆုလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)