သာယာဝတီ စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် CERP အရ သာယာဝတီခရိုင်၊ ငါးလုပ်ငန်း ဦးစီးဌာနမှ မြို့နယ် အတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရာ တွင် အထောက်အပံ့ဖြစ်စေရန် အတွက် ငါးသားပေါက်များ ဖြန့်ဖြူး ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက သာယာဝတီ ခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနရုံး ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ငါးသားပေါက်များ ပေးအပ်ပွဲတွင် သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူးဦးထိန်လင်းထွန်းက အမှာစကားပြောကြားပြီး ခရိုင်ငါးလုပ်ငန်း ဦးစီး ဌာနမှူး ဦးစုံမိုင်းက နိုင်ငံတော်အနေ ဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ငါးမွေးတောင်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စီးပွားရေးအကျပ် အတည်းများနှင့် အခက်အခဲများအား လျော့ပါး သက်သာစေပြီး ငါးမွေးမြူရေး လုပ်ငန်းများ ပြန်လည်ဦးမော့ လာစေရေးအတွက် ငါးသားပေါက် များ ပံ့ပိုးပေးအပ်လျက်ရှိ ကြောင်း၊ သာယာဝတီမြို့နယ်တွင် ငါးမွေးကန် လိုင်စင်ရယူခဲ့သော ငါးမွေးတောင်သူ ၁ ဦး၊ ငါးမွေးကန် ၅၁၂ ဒသမ ၉၆၈ ဧကအတွက် ငါးသားပေါက် ကောင်ရေ ၂၁၅၉၅၉ နှုန်းဖြင့် ဒေသခံများ ကြိုက်နှစ်သက်သည့် ငါးမျိုးစိတ်များကို ရွေးချယ်ပြီး ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက ငါးသားပေါက် ကောင်ရေ (၂၁၅၉၅၉ )ကောင်ကို ငါးမွေးတောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
သန့်ဇော်(ခရိုင်ပြန်/ဆက်)